ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Thursday 25 August 2011

ဘ၀ပန်းရုံ

          
ပန်းဥယျာဉ်ရှိ ပန်းရုံ၌ ကောင်းသော ပန်းများလည်းပွင့်နိုင်၏၊ မကောင်းသော ပန်းများလည်း ပွင့်နိုင်၏။ သို့ရာတွင် ပန်းသည်များကမူ မကောင်းသော ပန်းများကို ပယ်ရှား၍၊ ကောင်းသော ပန်းများကို ရွေးချယ်၍ သီကုံးကြ၏။ ထို့ကြောင့်ပန်းသည်များသည် မိမိတို့၏ ပန်းဥယျာဉ်၊ ပန်းရုံများ၌ မကောင်းသော ပန်းများ မပွင့် နိုင်အောင်၊ ကောင်းသောပန်းများ ပွင့်သည်ထက် ပွင့်နိုင်အောင် ကြိုပမ်းကြ၏။ သို့မှသာ ပန်းသည်များသည် မိမိတို့၏ ပန်းဥယျာဉ်ရှိ ပန်းရုံများမှ လှပသော ပန်းများကို သီကုံးနိုင်မည်ဖြစ်၏။ ပန်းကုံးများ လှပပါမှ ပန်းကုံးများ၏ တန်ဖိုး သည် မြင့်မားမည် ဖြစ်၏။

ထို့အတူပင် လောကသည် ပန်းဥယျာဉ်ဖြစ်၍၊ ဘ၀သည် ပန်းရုံဖြစ်၏။ လောကတည်းဟူသော ပန်းဥယျာဉ်ရှိ ဘ၀တည်းဟူသော ပန်းရုံမှ အကုသိုလ် ပန်းများလည်း ပွင့်နိုင်၏၊ ကုသိုလ်ပန်းများလည်း ပွင့်နိုင်၏။ သတ္တ၀ါ တို့သည် မိမိတို့၏ ဘ၀တည်းဟူသော ပန်းရုံမှ အကုသိုလ်ပန်းများ မပွင့်ရလေအောင်၊ ကုသိုလ်ပန်းများသာ ပွင့်ရလေအောင် ကြိုးပမ်းအပ်၏။

အကုသိုလ်ပန်းများကိုလည်း သီကုံး၍ ရ၏၊ ကုသိုလ်ပန်းများကိုလည်း သီကုံး၍ ရ၏။ အကုသိုလ်ပန်းများကို သီကုံးသောအခါ  သမုဒယ သစ္စာပန်းကုံးကိုရ၏၊ ကုသိုလ်ပန်းများကို သီကုံးသောအခါ မဂ္ဂသစ္စာ ပန်းကုံးကို ရ၏။ လောကတည်းဟူသော ပန်းဥယျာဉ်ကို သမုဒယသစ္စာပန်းကုံးများဖြင့် တန်ဆာဆင်သောအခါ လောကတည်းဟူသော ပန်းဥယျာဉ်သည် ဒုက္ခသစ္စာ သဘောကိုဆောင်ကာ အမြဲတမ်း မငြိမ်းမချမ်း ရှိပေ လိမ့်မည်။ လောကတည်းဟူသော ပန်းဥယျာဉ်ကို မဂ္ဂသစ္စာပန်းကုံးမျာဖြင့် တန်ဆာဆင်သောအခါ လောကတည်းဟူသော ပန်းဥယျာဉ်သည် နိရောဓသစ္စာ သဘောကို ဆောင်ကာ အမြဲတမ်း ငြိမ်းချမ်းခြင်း ရှိပေလိမ့်မည်။

အကျဉ်းအားဖြင့် ဆိုရလျှင် လောကသည် ပန်းဥယျာဉ်ဖြစ်၍ ဘ၀သည် ပန်းရုံဖြစ်၏။ ဘ၀ပန်းရုံမှ အကုသိုလ်ပန်းများ မပွင့်ဘဲ ကုသိုလ်ပန်းများသာ ပွင့်အောင် ကြိုးပမ်းရ၏။ အကုသိုလ်ပန်းများ ပွင့်လျှင် ဘ၀သည် ဒုက္ခဖြစ်၏။ ကုသိုလ်ပန်းများပွင့်လျှင် ဘ၀သည် ဒုက္ခနိရောဓသစ္စာဖြစ်၍ သန္တိသုခပင် ဖြစ်ပါ၏။

[ဆရာကြီး ဦးရွှေအောင်၏ ဓမ္မပဒ၊ ပုပ္ဖ၀ဂ်  မှ မျှဝေခံစားပါသည်]

No comments:

Post a Comment