ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Tuesday, 26 April 2011

တွေ့ကြုံခဲလှသော ဗုဒ္ဓမြတ်စွာ သာသနာတော်

ဗုဒ္ဓမြတ်စွာ သာသနာတော်သည် တွေ့ခဲကြုံခဲ ဆုံခဲသောလှသော သာသနာတော် ဖြစ်၏။ ဘုရားမဖြစ်မီ ဘုရားအလောင်းတော်မြတ်သည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း တိုင်တိုင် သူသူငါငါတို့ ပြုလုပ်နိုင်ခဲသော ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး စရယသုံးပါး ဘုရားဖြစ်ကြောင်း တရားကောင်းတို့ကို အသက်စွန့်လွှတ်လျက် စွမ်းစွမ်းတမံ ဖြည့်ကျင့်အားထုတ်မှသာ သဗ္ဗညုတဥာဏ်တော်မြတ်ကိုရပြီး တစ်လောကလုံးတွင် အမြတ်ဆုံးဖြစ်သော သဗ္ဗညူတဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့သည်။
သစ္စာလေးပါး အမှန်တရားကို အမှန်အတိုင်းမသိမမြင်သောကြောင့် သံသရာ ၀ဋ်ဆင်းရဲ ခရီးလမ်း၌ သတ္တ၀ါတို့ တပြောင်းပြန်ပြန် ကျင်လည်ပြေးသွားနေကြရသည်ကို သိမြင်တော်မူသောကြောင့် သစ္စာလေးပါးကို သိမြင်အေင် အားထုတ်ပြီး ငါ သစ္စာတရားကိုသိရလျှင် လောကသားတို့ကိုလည်း သိမြင်အောင် ဟောပြော ဥာဏ်ဖွင့်ပေးမည်ဟူသော ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်၊ ကြွေးကြော်သံကြီးကို
ကြွေးကြော်ကာ အမျိုးမျိုးသော စွန့်လွှတ်အနစ်နာခံမှုတို့ကို ပြုလုပ်လျက် ဘုရားဖြစ်ကြောင်းမြင့်မြတ်တဲ့ တရားကောင်းတို့ကို ကြိုးစား အားထုတ်တော်မူခဲ့ရ၏။

သစ္စာလေးပါးကို သိမြင်၍ သဗ္ဗညုတဥာဏ်တော်မြတ်ကိုရကာ ဘုရားအဖြစ်သို့
 ရောက်တော်မူသောအခါတွင်လည်း အေးအေးသက်သာ နေတော်မမူဘဲ မိမိ၏ ရည်ရွယ်ရင်းအတိုင်း
နေ့မနား ညမနား တရားဓမ္မတို့ကို ဟောကြားဆုံးမကာ ဘ၀သံသရာ ခရီးသည်များကို သံသရာဝဋ်ဆင်းမှ ကယ်ထုတ်တော်မူခဲ့၏။ ပါရမီမကျင့်ကျက်သေး၍ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်အဆင့်သို့ မရောက်နိုင်သေးသော သူများကို ပြဿနာ အခက်အခဲ ဆင်းရဲနည်းပါး ချမ်းသာ၍ အကျိုးများစေမည့် တရားကောင်း တရားမြတ် လမ်းညွှန်ကောင်းတို့ကို သွန်သင် ဟောဖော် လမ်းညွန်ပြသ ဆုံးမတော်ခဲ့၏။
ဘုရားရှင်ဟောကြားသည့် သစ္စာတရားကိုသိမြင်၍ သံသရာဝဋ်ဆင်းရဲ၊အပါယ်စသောဆင်းရဲ
ဘေးအပေါင်းမှ ငြိမ်းအေး လွှတ်မြှောက်သွားကြသော ပုဂ္ဂိုလ်များ များပြားစွာ ပေါ်ထွန်းခဲ့၏၊ စိတ်ငြိမ်းချမ်းစွာဖြင့် ဘ၀ကို မှန်မှန်ကန်ကန် အဓိပ္ပါယ်ရှိရှိ အသုံးချ နေထိုင်သွားကြသော သူများလည်း များစွာရှိခဲ့၏။

ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်၏ ထူးခြားသော ဂုဏ်စွမ်းရည်မှာ ဆင်းရဲခြင်းအပေါင်း ကင်းငြိမ်းသော တရားမြတ်နှင့် ထိုတရားမြတ်ကို ရရာရကြောင်းနည်းလမ်းကောင်းရှိခြင်း ပင်ဖြစ်၏
ဆင်းရဲခြင်းအပေါင်း ကင်းငြိမ်းသောတရားမြတ်ကို ရရာရကြောင်း နည်းလမ်းကောင်းများသည် ဘုရားရှင် ဟောဖော်ထားခဲ့သော ပိဋကတ်တော်များ၌ အစုံအလင် ထင်ထင်ခြားခြား ရှိနေ၏၊ သို့အတွက်ကြောင့် ပရိယတ် ဟုဆိုအပ်သော ဘုရားဟော ပိဋကတ်တော်သည် အလွန်ပင် အရေးကြီး၍ ဗုဒ္ဓမြတ်စွာ သာသနာတော်၏ အသက်ပင်ဖြစ်၏၊ ပရိယတ်အားကောင်းပါမှ ပဋိပတ်ထွန်းကားနိုင်ပေမည်၊ ပဋိပတ်ထွန်းကားပါမှ ပဋိဝေဓတရားမြတ်တို့ကို ရရှိခံစားနိုင်ကြမည်ဖြစ်ပေသည်။ သို့ဖြစ်ပါသောကြောင့် ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် ကြုံတွေ့ခိုက်တွင် သံသရာခရီးသည်များသည် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ပြသ ဆုံးမတော်မူသည့်အတိုင်း ကျင့်ကြံအားထုတ်ကြ၍ ဘ၀ ကို မှန်မှန်ကန်ကန် အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

No comments:

Post a Comment