ဘ၀ဟူသည် မျှော်မှန်းတမ်းနေသည့် အသည်းနှလုံး၏ နှောင်ကြိုးမျှင်များအပေါ် ပျာကသီ ဖြတ်သန်းသွားရင်း အလွမ်းတေးသီမှုပါ (တဂိုး)

Sunday 21 August 2011

မိမိကိုယ်ကို ကိုးကွယ်နည်း

အတ္တာ ဟိ အတ္တနော နာထော အရ မိမိသည်ပင် မိမိ၏ ကိုးကွယ်ရာ ဟုဆို၏၊ မိမိကိုယ်ကို ဗဟိုပြု၊ဦးတည်ရသည်ဖြစ်၍ ဘယ်အရာမဆို မိမိနှင့်တိုက်ရိုက်ပတ်သက်ဆက်ဆံနေ၏။ ဒီနေရာတွင် သတိထားရမည့်အချက်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာအရ အတ္တ၏ ဆိုလိုချက်သည် မိမိ၏ ခန်ဓာ ကိုယ်ကြီး၊ အသက်ဝိညာဉ် စသည်တို့ကို ယူရမည်မဟုတ်ပါ။ လောကီ လောကုတ္တရာ ဓမ္မများကိုသာ ယူရမှာဖြစ်ပါတယ်။ အတ္တအရ မိမိကိုးကွယ်ရာအဖြစ် အဖျက်သဘောဆောင်တဲ့ ဒုစရိုက် မကောင်းတဲ့တရားများကို ကိုးကွယ်မိလျှင် မိမိကိုယ်ကို ဖျက်ဆီးရာရောက်ပြီး၊ လောကကိုလည်း ဖျက်ဆီးရာရောက်ပါတယ်၊ ထိုသဘောကို အတော်လေး သတိထားကြည့်မိပါ မိမိတို့ လက်ရှိလူမှုပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်ရန် ခက်ခဲမည် မဟုတ်။ သုစရိုက် အပြုသဘောဆောင်တဲ့ ဖြူစင်ကောင်းမွန်တဲ့တရားများကို မိမိ၏ ကိုးကွယ်ရာအဖြစ် ခံယူကျင့်သုံးလျှင်ကား မိမိကိုယ်ကို အားကိုးရာ စောင့်ရှောက်ရာရောက်ပြီး၊ လောကကိုလည်း စောင့်ရှောက်ရာရောက်ပါတယ်။ လောကုတ္တရာ ကျင့်စဉ်အရ နောက်ထပ်တဆင့်တက်၍ မိမိကိုယ်ကို အမြင့်ဆုံးအဆင့် ရောက်အောင်ကိုးကွယ်အားထုတ်နိုင်လျှင်ကား အမြင့်မြတ်ဆုံး မိမိကိုယ်ကို ကိုးကွယ်ပူဇော်နည်းဖြစ်ပါတယ်။ ဒီလမ်းစဉ်တွေဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာက ပေးတဲ့ ကိုးကွယ်းနည်းပါ။ မိမိတို့ရဲ့ ဘ၀ကို တန်ဖိုးရှိရှိ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် မြတ်ဗုဒ္ဓရဲ့ ကိုးကွယ်နည်းလမ်းစဉ်အရ မိမိတို့၏ ကိုးကွယ်ရာကို မှန်မှန်ကန်ကန် ခံယူ ရွေးတတ်ဖို့နဲ့ ဒုစရိုက် အဖျက်တရားများကို ကိုးကွယ်ရာအဖြစ်မရောက်ရအောင် ဝေးနိုင်သမျှဝေးအောင်ရှောက်ကြင်ပြီး၊ သုစရိုက် အပြုတရားများကို မိမိ၏ ကိုးကွယ်ရာအဖြစ် ခံယူ ကျင့်သုံးနိုင်အောင် ကြိုးစားအားထုတ်ယူရမှာ ဖြစ်ပါတယ်။


အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။
အတ္တနာ ဟိ  သုဒန္တေန၊ နာထံ လဘတိ    ဒုလ္လဘံ။  
 မိမိသည်သာ မိမိ၏အားကိုးရာဖြစ်၏၊ သူတစ်ပါးသည် မိမိ၏အားကိုးစရာ အဘယ်မှာ ဖြစ်နိုင် အံ့နည်း၊မိမိကိုယ်တိုင် ကိုယ်၊နှုတ်၊စိတ်တို့ကို ကောင်းစွာ စောင့်စည်း ဆုံးမ ယဉ်ကျေးသဖြင့် ရရောက်နိုင်ခဲသော စစ်မှန်သော ငြိမ်းချမ်းမှုကို ရနိုင်၏။
(ဓမ္မပဒ ဂါထာ၊ ၁၆၀)

1 comment:

  1. Bhikkhu Buddhavamsa (MCU)22 August 2011 at 08:41

    Wow! Suppose that You become a outstanding Dhamma traveler. Keep it up, dear!

    ReplyDelete