ရဟန်းတော်များနှင့် တိုက်ရိုက်သက်ဆိုင်သော
ထိုင်းနိုင်ငံ ဗုဒ္ဓဘာသာ ကျင့်ဝတ်စည်းကမ်း ၀ိနည်းအချို့ကို ဖော်ပြလိုက်ပါသည်။
ထိုင်းနိုင်ငံသည် ထေရ၀ါဒ
ဗုဒ္ဓဘာသာနိုင်ငံဖြစ်၏။ ထိုင်းနိုင်ငံ၏ ၈၅ ရာခိုင်နှုန်း လူဦးရေမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါသည်။ ထိုင်းနိုင်ငံတွင် ရဟန်းတော်များဆွမ်းခံချိန်သည်
မနက် စောစော ၅ နာရီမှ ၈ နာရီကျော်ထိသာဖြစ်၏။ ထိုင်းရဟန်းတော် များသည် အ၀ါရောင် သင်္ဃန်းများကိုသာ ၀တ်ဆင်ကြပါသည်။
ထိုင်းရဟန်းတော်များမှာ ဆံပင်ကို တစ်လတွင် တစ်ခါသာ ရိတ်ရပြီး၊ မျက်ခုံးမွှေးကိုမူ ပြောင်နေအောင်
အမြဲတမ်း ရိတ်ထားရ၏။ တစ်ခါတလေ ထိုင်းနိုင်ငံသား ဗုဒ္ဓဘာသာဝင်များသည် မျက်ခုံးမွှေးကားကားနှင့်
ရဟန်းတော်များကို မြင်တွေ့ရလျှင် နိုင်ငံခြားသား ရဟန်းများလားဟု သတိမရတတ်ကြဘဲ ရဟန်းအတုလား၊
အစစ်လား၊အထူးအဆန်းပါလားဟု အမူအယာမျိုးဖြင့် စိုက်စိုက်ကြည့်တတ်ကြ၏။ နိုင်ငံခြားသား ရဟန်းတော်များ အထူးသဖြင့် မြန်မာ
ရဟန်းတော်များမှာ ၄င်းအကြည့်မျိုးကို အများဆုံး ခံရ တွေ့ရ ကြုံရတတ်ကြ၏။
နောက်ပြီး မြန်မာဗုဒ္ဓဘာသာ
အသိုင်းအ၀န်းတွင် ကျင့်သုံးလေ့မရှိသော ကျင့်ဝတ်စည်းကမ်း (၀ိနည်း) အချို့ကိုလည်း ထိုင်းဗုဒ္ဓဘာသာဝင်များနှင့်
ထိုင်းရဟန်းတော်များ ကျင့်သုံးကြပါသည်။ ဥပမာ။ ထိုင်းနိုင်ငံတွင် ရဟန်းတော်များသည် အမျိုးသမီးများထံမှ
လှူဒါန်းမှူ တစ်စုံတစ်ခုကို လက်ခံသည်ဖြစ်စေ၊ အပြန်အလှန်ပေးကမ်းမှုမျိုး၌ ဖြစ်စေ အမျိုးသမီး
လက်ထဲမှ အရာဝတ္ထုကို တိုက်ရိုက် ကိုင်တွယ်ခြင်း၊ (အလှူ)လက်ခံခြင်း မပြုရပါ။ တင်စရာ အ၀တ်စ
(ထိုင်းပရိက္ခရာပစ္စည်းများတွင် ၄င်းအ၀တ် သင်္ဃန်းစ ပါဝင်) တစ်ခုခုဖြင့် ဒါမှမဟုတ် အနီးနားက
ခုံပေါ်တွင်သော်၎င်း၊ မိမိလွယ်အိတ်ဖြင့်သော်၎င်း ခံယူရပါသည်။ ဈေးဝယ်ရာတွင်လည်း မိမိပေးသော
ငွေကြေးကို အမျိုးသမီးဈေးဆိုင်ရှင်က ဒီအတိုင်း မိမိလက်ထဲမှ တိုက်ရိုက် မယူပါ၊ အနီးအနားက
စားပွဲခုံ သို့မဟုတ် စာအုပ်ပေါ်၌ဖြစ်စေ တစ်ဆင့်ခံပေးမှသာ အဆင်ပြေလိမ့်မည်။ အမျိုးသမီးများနှင့်
မထိမိစေရန် ဖြစ်၏။ ပို၍ ထင်ရှားသော အချက်ကား ရဟန်းတော်များသည် အမျိုးသမီးများနှင့်
လုံးဝ ထိမိ၊ တိုက်မိခြင်း မရှိရပါ။ လမ်းသွားခြင်း၊ ကားစီခြင်းက အစ အမျိုးသမီးများနှင့်
မထိ၊ မတိုက်မိရအောင် အထူးဂရုစိုက် သတိထားကြရ၏။ အမျိုးသမီးများသည်လည်း ရဟန်းတော်များနှင့်
မထိမိ၊ မတိုက်မိရအောင် အထူးဂရုစိုက်ကြပါသည်။
စာဖတ်သူ အရှင်သည် ထိုင်းနိုင်ငံသို့
မည်သည့်အကြောင်းကြောင့်မဆို အခွင့်ကြုံ၍ ရောက်ခဲ့လျှင် အထက်ပါ မတူကွဲပြား အကြောင်းအရာများကို
သတိပြုစေချင်ပါသည်။